အသားအရေကို ပျက်စီးစေတဲ့ အလေ့အထများ
အသားအရေလှပတာဟာလည်း ကောင်းခြင်းတစ်မျိုးနဲ့ ပြည့်စုံတာပါပဲ။ အသားအရေလှပစိုပြေကြည်လင်နေအောင် နည်းမျိုးစုံနဲ့ ထိန်းသိမ်းနေကြတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိဘဲ လုပ်မိတဲ့ အလေ့အထတွေကြောင့် အသားအရေ ပျက်စီးတာမျိုး မဖြစ်ရလေအောင် ဘယ်လိုအလေ့အထတွေက အသားအရေကို ပျက်စီးစေသလဲဆိုတာကို ပြောပြချင်ပါတယ်။
(1) အိပ်ယာမဝင်ခင် မျက်နှာမသစ်တာ
တစ်နေ့ကို မျက်နှာနှစ်ကြိမ်သစ်ရင် လုံလောက်ပါတယ်။ အဲဒီနှစ်ကြိမ်ထဲမှာ
ညအိပ်ယာမဝင်ခင် တစ်ကြိမ်ကတော့ မဖြစ်မနေပါဝင်ရပါမယ်။ တစ်နေ့လုံးသွားလာလှုပ်ရှားနေတဲ့ အချိန်တွေမှာ ချွေးတွေ၊ အဆီတွေ၊ အညစ်အကြေးတွေဟာ ချွေးပေါက် (မွှေးညင်းပေါက်)တွေထဲမှာ ပိတ်ဆို့နေတာပါ။ အဲဒီအညစ်အကြေးတွေကို သန့်ရှင်းရေးမလုပ်ရင် ရောင်ရမ်းတာ၊ ဝက်ခြံထွက်တာလိုမျိုး အသားအရေကို ပျက်စီးစေပါတယ်။ Cleansing oil တွေ၊ cleansing gelတွေ သုံးပြီး သန့်ရှင်းရေလုပ်ပြီးရင် အစိုဓာတ်ထိန်းအောင် moisturizer လိမ်းဖို့လည်း မမေ့ပါနဲ့။
(2) နေရောင်ကာခရင်မ် မလိမ်းတာ
နေရောင်ထဲမှာပါတဲ့ UV ray တွေဟာ အိုမင်းရင့်ရော်မှုနဲ့ အရေပြားကင်ဆာကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းပါ။ ကမ်းခြေသွားမှ၊ နေရောင်ထဲထွက်မှ လိမ်းဖို့လိုတာ မဟုတ်ဘဲ နေ့စဥ်မပျက်မကွက် လိမ်းဖို့လိုအပ်ပါတယ်။ SPF 30 အနည်းဆုံးရှိတဲ့ နေရောင်ကာခရင်မ်ဟာ UV A ရော၊ UV B ကိုရော ကာကွယ်နိုင်ပြီး လက်ဖက်စားဇွန်းတစ်ဇွန်းခန့်လိမ်းရင် လုံလောက်ပါတယ်။ အကယ်၍ နေပူထဲမှာ ကြာကြာနေရရင်တော့ ၂ နာရီခြားတစ်ခါလောက် ထပ်မံလိမ်းဖို့ လိုအပ်ပါတယ်။
(3) ဆေးလိပ်သောက်တာ
ဆေးလိပ်ကတော့ ခန္ဓာကိုယ်ကို ဘာကောင်းကျိုးမှ မပေးပါဘူး။ ဆေးလိပ်မှပါတဲ့ နီကိုတင်းဓာတ်ဟာ အရေပြားသွေးလှည့်ပတ်မှုကို နှေးစေပြီး အောက်ဆီဂျင်နဲ့ အာဟာရတွေ လုံလောက်စွာ မရစေပါဘူး။ ဒါ့အပြင် ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေဟာ ကော်လဂျင်နဲ့ အသားအရေကို တင်းရင်းစေတဲ့ elastins တွေကို ပျက်စီးစေလို့ အရေးအကြောင်းတွေ ပိုဖြစ်စေပါတယ်။ ဆေးလိပ်သောက်တဲ့သူရဲ့ နှုတ်ခမ်းကလည်း ညိုမဲနေလေ့ရှိပါတယ်။
(4) ပျောက်ချင်ဇောအားကြီးနေတာ
ဝက်ခြံပေါက်တဲ့အခါ ပျောက်ချင်ဇောအားကြီးပြီး ဝက်ခြံပျောက်တယ်ဆိုတဲ့ ပစ္စည်းတွေ( ဥပမာ Benzoyl peroxide နဲ့ salicylic acid) ပါတဲ့ ထုတ်ကုန်တွေကို စုပြုံသုံးစွဲတာမျိုးဟာ လိုအပ်တဲ့ပမာဏထက် ပိုများသွားစေပြီး အသားအရေကို ပိုပျက်စီးစေနိုင်ပါတယ်။
(5) အချိုတွေ အစားများတာ၊ အသီးအရွက်တွေ မစားတာ
အချိုတွေဟာ အသားအရေပျက်စီးတာ၊ အိုမင်းရင့်ရော်လွယ်တာတွေ ဖြစ်စေပြီး အသီးအရွက်တွေကတော့ ဗိုက်တာမင်နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝလို့ အသားအရေကို ပြုပြင်ပေးတာ၊ နုပျိုစေတာ ဖြစ်ပါတယ်။
(6) ထိခိုက်ထားတဲ့ အသားအရေကို ဂျီးချွတ်တာ
Exfoliation လို့ခေါ်တဲ့ ဂျီးချွတ်တာဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးတာတော့ မှန်ပါတယ်။ ဒါပေမယ့် ပျက်စီးနေတဲ့ အသားအရေကို ဂျီးချွတ်လိုက်တဲ့အခါ အရေးပြားကို ကာကွယ်ထားတဲ့ barrier လို့ခေါ်တဲ့ အလွှာက ပျက်စီးသွားပြီး အသားအရေကို ပိုမိုဆိုးဝါးစေပါလိမ့်မယ်။
မိတ်ဆွေတို့လည်း ဒီအလေ့အထတွေကို လုပ်နေမိရင် အခုကစပြီး ပြုပြင်ဖို့ လိုအပ်ပါတယ်နော်။ ဒါမှ လှပကျန်းမာတဲ့ အသားအရေလေးကို ပိုင်ဆိုင်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်